ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဂ်ျ ဆိုးရော့စ် ဇန်န၀ါရီ ၂ ရက်
တွေ့မည်
2011-12-29

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ်
(George Soros) ဟာ ဇန်န၀ါရီလ ၂ ရက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ဒီကနေ့ အတည်ပြု
ပြောကြားပါတယ်။













World Economic Forum

ဟန်ဂေရီနွယ်ဖွား အမေရိကန် ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ် (George Soros)။

မစ္စတာ ဆိုးရော့စ်ဟာ ၈ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရှမ်းပြည်နယ် အင်းလေးဒေသ အပါအ၀င်
နိုင်ငံတ၀န်းက နေရာအတော်များများကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အသက် ၈၁ နှစ်
ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်းကစလို့ သူထူထောင်ထားတဲ့ Open
Society Foundation ကတစ်ဆင့် ပြည်တွင်း ပြည်ပက မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် နှစ်စဉ်
ဒေါ်လာငွေ ၂ သန်းလောက် ထောက်ပံ့ပေးလာခဲ့ပါတယ်။

ဂျော့ဂ်ျ ဆိုးရော့စ်ဟာ အခုလ ၂၆ ရက်က ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး
သားနှစ်ယောက်နဲ့ Open Society Foundation က ၀န်ထမ်းတချို့လည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။
အမေရိကန် လုပ်ငန်းရှင်ကြီး မြန်မာ့လူမှုရေး
လုပ်ငန်းများ တရားဝင် ဆောင်ရွက်မည်
2012-01-05












မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင် အမေရိကန် လုပ်ငန်းရှင်ကြီး
မစ္စတာ ဂျော့ ဆိုးရော့စ်က မြန်မာနိုင်ငံမှာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ တရားဝင် အခြေစိုက်
ထူထောင်ဆောင်ရွက်ဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံအပြီး အခုလို
ပြောလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီရေး အတွက် လှူဒါန်း ကူညီနေတဲ့ မစ္စတာ ဆိုးရော့စ်ဟာ အလှူရှင် တစ်ယောက် အနေနဲ့
ဘာတွေ ဆောင်ရွက်နိုင်မလဲ ဆိုတာ ကြည့်ရှုလေ့လာဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ကြောင်း ဒီကနေ့
ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့အစည်း အဖြစ်ကနေ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း အဖြစ် အသွင်
ကူးပြောင်းရေးမှာ ကူညီဖို့ မြန်မာပြည်တွင်းမှာ တရားဝင် လုပ်ငန်းဌာနတစ်ရပ် ထူထောင်ဖို့ စီစဉ်ထားကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးခဲ့ကြောင်း မစ္စတာ ဆိုးရော့စ်က ပြောဆိုပါတယ်။

မစ္စတာ ဆိုးရော့စ်က မြန်မာ့ဒီမိုကရေစီရေး အတွက် နှစ်ပေါင်း ၂၀ လောက် ကူညီ ထောက်ပံ့ခဲ့ပေမယ့်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဖြစ်ကြောင်း၊ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို လမ်းညွှန်အဖြစ် ဆက်လက် ခံယူနေမှာ
ဖြစ်ကြောင်းလည်း ပြောပါတယ်။ မစ္စတာ ဂျော့ ဆိုးရော့စ်ဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်က ဇန်န၀ါရီ ၃
ရက်အထိ နေထိုင်ခဲ့ပါတယ်။